Monday, October 22, 2012

မတ်တပ်အဘိဓမ္မာများ


အမှန်တရားကို
ရွက်ကျပင်ပေါက်လိုကျင့်သုံးကြမှတော့
နေရာရွေ့ကြ

လူ့အလိုအရ
ချဉ်ခြင်းနောက်ကို
အမဲရှာသလို ပစ်ခတ်ကြတယ်

ထုသားပေသားကျလို့လည်း
မိချောင်းရှေ့မှာ
ထွန်မကျူးချင်ဘူး

သားကြီးငါးကြီး မစားတတ်တော့
အသေးစားလေးတွေ
ဖြစ်ပျက်တာ မြန်ပ

အိုကေ
တစ်ခါ တစ်ခါပြောတတ်သလို
အလန်းတွေနဲ့
ခပ်ရင့်ရင့်ပေါ့

။(မင်းငြိမ်)။

ဝေးဝေးနွေးနွေးအမှတ်များ


သဲချောင်းပေါ်
ခပ်ရွရွ
ဖွဖွ
မျက်နှာအပ်တယ်...

လေအတုန်
နေအဟုန်ဖြင့်
စစ်ကနဲ


မြင်မိသော
ကြားမိသော
အရှေ့က
တောတန်းညိုညို
ချစ်စရာ

အထိအရှများသော
သံသရာမှာ
အခြေတကျမဖြစ်တာလဲ
အနုပညာပေါ့

စူးကနဲ
မျက်လုံးတစ်ဖက်ကို အရင်ပိတ်မိတယ်
ကျန်သူကတော့
ရှာဖွေကောင်းတုန်း

အခုလို
...အခုလို
......အခုလို
ငါဟာ ...
ငါပဲဖြစ်နေပြန်တော့တယ်...။

။မင်းငြိမ်။

ညံ့ခဲ့သော ဘာသာဗေဒများ


ငါ
အဆုံးစွန်ထိ
ကျင့်ကြံတယ်
အခုထိ
ကကြီး ခခွေးက မတက်တော့
ငါညံ့တယ်…

နေညိုချိန်တွေ

ခဏ ခဏ ပြောင်းတော့
နေ၀င်ချိန်များလား
ဒိန်ခဲတွေ
နေရာရွေ့ကြ
ငါကျန်ခဲ့တော့
ငါညံ့တယ်…

မထိခိုက်စေသော လိမ်ညာမှုကလွဲရင်
သေသေချာချာ ရိုးသားခဲ့တယ်
အရောင်းအ၀ယ်မဖြစ်တဲ့ ဒေသမှာ
ငါ
နေရချမိတော့
ငါညံ့တယ်…

နေရာ ကျဉ်းကျဉ်းမှာ
အသံကျယ်ကျယ်
ပန်းပြားပင်တွေ
ယိမ်းကြတော့
အသံတိမ်ဝန်းကျင်က
ငါ
ငါညံ့တယ်…

တန်းညှိတဲ့လူကြားထဲ
အစိမ်းသက်သက်
မျိုးဆက်
အသစ်ကို
အချစ်လိုမငတ်ကြတော့
ခံစားမှုပြင်းသူ
ငါ
ညံ့တယ်…

ငါ
ယုံကြည်သလောက်
ညံ့တယ်…။

(မင်းငြိမ်)။
သတိကပ်သော အရောင်များ

ငါမြင်တယ် ငါသိတယ်
ငါဖြစ်တယ်ပေါ့
အာရုံက အဲ့ဒီလို...

စစ်ကနဲ
အဖျားကိုင်းနား
ရိပ်ရိပ် ရိပ်ရိပ်နဲ့
ငါအပြင်းဖျားချင်တာလား

ငါ
အရှက်ရတာလား
အာရုံက အဲ့ဒီလို...

ကျေးဇူးတရားများက
နိုင်ငံရေးကို ဖျားယောင်းကြ
ခေါင်းမမော့နိုင်သော
ဟင်္သာကိုးသောင်းမှာ
ငါ
တစ်ကောင်ပေါ့
အာရုံက အဲ့ဒီလို...

ဆန်ရင်း နာနာဖွတ်တဲ့
မဖွယ်မရာတွေမှာ
ငါ
လိုလိုလားလား ကျိုးကြေ
အာရုံက အဲ့ဒီလို....

ငါ
မပြတ်သားနိုင်သေးဘူး
ငါ
ငါ
ငါ....

အဲ့လို အာရုံရတယ်...

(မင်းငြိမ်)။

Sunday, April 15, 2012

(ချစ်ဆုံး)

ဖျက်ခနဲ
ကိုယ်ရောင်ကိုယ်ဝါပန်းများ
ငါ့ကိုယ်မှာ ဖွဲမီးလိုပ
တစ်ဘ၀စာလိုချင်သော
လက်ညှိုးညွှန်ရာ
သံသရာမှာ
အဲဒါ မင်း(ချစ်ဆုံး)ဖြစ်တယ်
မြင်သမျှမှာ
မင်းရှိနေရင်
ငါ...
(မင်းငြိမ်)..။

Monday, April 9, 2012

တိမ်ပျော်များ

အမြင်ပဲ
လာစတုန်းကလိုတော့
မသွက်လက်တော့
သံသရာတစ်ကွေ့ဝယ်
အဲ့လိုမျိုးများယောင်မိတယ်
သူလိုလို
ကိုယ်လိုလို ထားခဲ့ကြတယ်
ချည်တိုင်ပြန်မယ့်
ငှက်ငယ်ပေါ့
တေးလည်းဆိုတယ်
ဒါပေမယ့် အလွမ်းအဆွေး
လူ့ဘ၀ကို
အတိုအရှည် ခွဲတက်ရုံလောက်ပါပဲ
င့ါမှာတော့
စီးစီးပိုးပိုး
လောင်စာများများကတော့
တတ်နိုင်သလောက်
လောင်ကျွမ်းပေတော့မယ်.
(မင်းငြိမ်)...။

Monday, March 12, 2012

အလောင်းအလျာ

ငါ
အလောင်းအလျာလေးလေ
ဘယ်လိုများ သန္ဓေတည်ခဲ့ပါလိမ့်
ရေခိုးရေငွေ့
သို့မဟုတ် အတွေ့အကြုံများလား
ငါ
အလောင်းအလျာလေးလေ
ခိုးသားငါးဆယ်ကြောင့်ဖြစ်တည်လာတာ
မနေ့ကလို
အသက်ကလေးမှန်မှန်ရှုမိတယ်.
ငါ
အလောင်းအလျာလေးလေ
မြောက်ဖျားမှာ ၀င်သက်ထွက်သက်
တစ်ကိုယ်လုံး ခဲနေတယ်.
ငါ
အလောင်းအလျာလေးလေ
ဖြစ်လိုက်ပျက်လိုက်ကမ္ဘာမှာ
သားရဲလိုအလေ့အကျင့်နဲ့
ကျင့်သားရလာသူပေါ့.
ငါ
အလောင်းအလျာလေးလေ
ဖုန်မှုန့်ထူထူမြေကိုပဲ အာသီသရှိသူ
ပူကျစ်နေတဲ့အလင်းကို ချဉ်ခြင်းတပ်သူ
ချစ်ခြင်းတရားမှာ သံသရာလည်ချင်သူ
အလေ့အကျနဲ့
ရိုးသားစွာမွေ့ပျော်နေသော
ငါ
အလောင်းအလျာလေးလေ...။
(မင်းငြိမ်)...။

Wednesday, March 7, 2012

နေရောင်ပျော်ကြသူများ

အလင်းတပြန့်
မြင်မြင်သမျှစူးရှ
အားလုံးပျော်ကြတယ်...၊
မြူခိုးဝေေ၀ သစ်ပင်တွေနောက်ကွယ်
မမြင်ရတဲ့ ငါ့ဒေသရှိမှန်း
ငါသိတယ်...၊
အပြောင်းအလဲတွေ အပြောင်းအလဲတွေ
ငါ့ရှေ့မှာ
ငါ့နောက်ကွယ်မှာ
ငါ့ကိုငါတောင် မယုံရဲဘူး...၊
အဖြေမပေးနိုင်တဲ့
စကားထာကို
ငါမြိုချထားသလို...၊
ကမ္ဘာအနှံ့
ဆာလောင်နေကြ
သွေးတွေ
ချွေးတွေ
မျက်ရည်တွေ
ဘယ်တော့အာသာပြေကြမှာလဲ...၊
ငါမြေမှုန်လေးပဲ
ပြန်ဖြစ်သွားချင်တယ်...
ငယ်ဘ၀လောက်
မဖြူစင်တော့တာလဲ
သိတယ်...၊
ပြန်လွမ်းတာ မဟုတ်ပေမယ့်
ပြန်လိုချင်တယ်လေ...၊
တတိယမြို့တော်မှာ
တစ်နေရာစာ
ဖ၀ါးနှစ်ဖက်
စုံရပ်မိတယ် (အဲ့လိုအခွင့်ရတယ်)...၊
ငါ
နေရောင် လရောင် ပေါပေါလေလေနဲ့ကြီးပြင်းလာတဲ့ကောင်လေ
နှစ်ချလိုက်ရင်တော့
တစ်ဖြည်းဖြည်းတော့
နစ်ဝင်သွားမယ်
ဒါပေမယ့်
ငါ
အမှုန်အမွှားမကင်းပေမယ့်
နေရောင်
လရောင်
လတ်လတ်ဆတ်ဆတ်ကိုပဲတမ်းတတယ်...။
(မင်းငြိမ်)...။

Monday, January 30, 2012

တွဲလျှောက်ခြင်းများ

ဖြစ်ခြင်းရဲ့အစ
အတွေးအမြင်များတယ်လို့မင်းထင်မယ်
ဒါပေမယ့် ငါဝတ်ရည်လည်ပတ်တာ
မင်းမွှေးမြဖူးပါတယ်..။
ဖြတ်တိုက်လာတဲ့
ကောက်ရိုးရနံ့
ကျောင်းတော်မှာ
မင်းမြင်ပါတယ်...
ဒီလိုနဲ့ပဲ
ဖြစ်ကြ ပျက်ကြ
သွားကြ လာကြ
ပျံသန်းကြတာပေါ့
သန်ရာသန်ရာ
ခရီးတွေမှာ
ငါနဲ့မင်း လမ်းလျှောက်တယ်လေ...
မမေ့ပါနဲ့
မင်းပေးတာ
ငါပေးတာ အကုန်အတူတူပဲဆိုတာကို...
(မင်းငြိမ်)။

Monday, January 9, 2012

အမှားအယွင်း

နှစ်သစ်မှာတော့
တစ်ခုဖြစ်သွားခဲ့ပြီ.
ပန်းသွေးတွေလိမ်းကျံ
ဓါးမိုး လှံမိုး
တဆင့်ပြီးတဆင့်
သားရဲတောင်တန်းတွေ တရွေ့ရွေ့နီးကပ်လာတယ်။
နားလည်တယ်
ကမ်းခြေကို လွမ်းတယ်ဆိုတာ
ရေရာခြင်းတွေလည်း
မရေရာဘူးဆိုတာ
ဒီတစ်ခုပဲ
ဆုတ်ကိုင်မိဖို့ နှစ်လိုက်တာ.
မီးကြွင်းမီးကျန်နဲ့တော့
ငါမလောင်ကျွမ်းချင်ဘူး
နေရာအထားအသိုလေးပဲမှားသွားတာပါ
နှစ်သစ်မှာ လေ့လာဖို့လိုသေးတယ်
အဲ့လို အာရုံရတယ်...။
(မင်းငြိမ်။)

Monday, January 2, 2012

နှစ်သစ်

အနောက်မှာ
အပျက်ကိန်းသေ
ရာသီဥတု ဖျားနာ
ရာသီပေါ်ပျက်လုံး
အသားစားသူများတယ် (သက်သက်လွတ်စားသူလို့တော့ လူကြားထဲပြောတယ်)
အသင်းအပင်းတွေ
ရွက်ကျပင်ပေါက်
ရေကော
တကယ်ပဲ ကြည်လင်ရဲ့လား
မွေးလာကတည်းက သံသယနဲ့ယဉ်ပါးတော့
ငါ့အတွက်ဖုန်းဆိုးမြေပဲ။
မျက်နှာမှုရာမှာတော့
မသိကိန်းတွေ
ကိန်းရှင်တွေ
တစ်စုံတစ်ခုကိုတော့
ကောင်းရာကောင်းကြောင်း အစားထိုးချင်ပြီ။
၂၀၁၂ နှစ်
ငါမွေးလာတာ ၃၄
ဟိုဘက်ဒီဘက်
ကျောချင်းကပ်တယ်
ဆိုလိုတာကလေ
အခုကစပြီး
ငါကောင်းချင်ပြီ။
(မင်းငြိမ်…။)

နားဝင်ပီယံတေးသီချင်းများ