Thursday, November 26, 2009

ဝေဒနာ

စံစားရာ ကါလသုံးဆယ်
သိပ်သည်းဆက
ဝေးရင်ဝေးသလို
နီးရင်နီးသလို
အနုအရင့်ခွဲခြားတယ်။
အဆိုးနဲ့ အကောင်း
ဖြစ်ချင်ရာဖြစ်ဆိုပြီး
မျက်နှာချင်းဆိုင်
တွဲထိုင်ခဲ့ဖူးတယ်။
အဖြစ်အပျက်တစ်ချို့ 
အငွေ့ ဖွဖွမနက်
နွေဦးအနမ်းနဲ့ နိုးလာတယ်။
အာရုံနဲ့ လှမ်းထိကြည့်လိုက်တော့
နှင်းငွေ့ ရွရွ
အလှပြနေသလို
ဖြတ်ခနဲ
ပြီး...ဖြတ်ခနဲ
အဲ့လိုလေး မြင်မိတယ်။
လူလိုသူလိုလည်းနေခဲ့ဖို့ 
ဝန်းကျင်ရဲ့ ပြောင်းလည်းမှု့ 
ချစ်သူရဲ့ လည်တို်င်လှလှ
ခွဲခြားလို့ မရအောင်လည်း ဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့ ပဲ
ဟိုးအဝေးက တောင်ပေါ်မျှော်ကြည့်
လရောင်ကို လှမ်းဆုပ်
နွေးနွေးထွေးထွေးလေးပေါ့။
(မင်းငြိမ်)။

Wednesday, November 4, 2009

အားလပ်ရက်နားခိုရာ

သံသရာနဲ့ ရင်းပြီးမှရတဲ့
တန်ဖိုးထားမှု့ တွေ
စံပယ်လို့ ပွင့်ခဲ့တယ်
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
သူ့ ရင်ငွေ့  ကိုယ့်ရင်ငွေ့ 
ကူးလူးပျံ့ နှံ့ 
အပြန်အလှန်ခိုလှုံရာ
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
ချိုမြိန်ရာ အာငွေ့ နွေးနွေးများ
အာလျပြင်းပြင်း
အပူအပင်ကင်းတယ်
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
ထမင်းနဲ့ ဝက်ပေါင်
နောက် မားမားပြုပ်
အသီးအနှံတွေလည်းပါရဲ့ 
သူ့ အကြိုက် ကိုယ့်အကြိုက်
မျှခဲ့ကြတယ်
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
ကိုယ်တို့ နှစ်ယောက်ရဲ့ 
ငြိမ်းအေးရာ
သူ့ အလို ကိုယ့်အလို( ကိုယ့်အလိုများများ)
အဆင့်ဆင့်ရဲ့ ဖြစ်သန်းမှု့ နဲ့ 
စိတ္တဇ္ဇပန်းချီ
အလင်း
အာရုံ
အထိ
အသိ
မကွေ့ မကောက်
တောက်လျှောက်သွားခဲ့တယ်
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
အရိပ်ရဲ့ လုံခြုံမှု့ 
ခန္ဓာဂွမ်းစ
နုနုအိအိနောက်ခံနဲ့ 
ဖြူလွှလွှအသံ
ညည်းငြူမိတယ်
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
နေ့ အ၀င်
နေ့ အထွက်
အငွေ့ ဖွဖွနဲ့ နုတ်ဆက်
သိပ်မြန်ရဲ့ 
လေအလျှင်လို
ပြီး.. နားခိုရာအိပ်တန်း
ကိုယ့်အကြောင်းသူ့ အကြောင်း
ခေတ္တ ပြန်ဝင်
အဲ့လို ဆင်ခြင်ခဲ့ရတယ်
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
၂၇နာရီဆိုပေမယ့်
သေချာတယ်…..
လူဖြစ်ရာကာလတစ်လျှောက်
တစ်ကောက်ကောက်လိုက်တော့မယ့် အိမ်မက်
မဆုံးသောခရီးရှည်နှင်ရာ
အဲ့ဒီ “အားလပ်ရက်လေး”မှာ။
(မင်းငြိမ်)။

Thursday, October 29, 2009

ချင်းမိုင်

လာရာလမ်းကလည်း
တထိတ်ထိတ်
တွေ့ ကရာတောင်တွေကိုပတ်တက်လာသလားအမှတ်မှားရ
ရောက်များရောက်ပါ့မလား
အတွင်းပူနဲ့ အပြင်ပူ
လောင်မြိုက်ပုံ
ကွေးကွေးလေးဖြစ်မိတယ်။
ကာလဒေသကိုတွေး
ပြီး... ခပ်ဝေးဝေးခဏနေ
အဲ့လိုလည်း အလုပ်ဖြစ်နိုင်တယ်လို့ စတွေးမိခဲ့။
ဒီလိုနဲ့ 
ငါခြေချရမယ့်နေရာမှာ
ကားဆရာထားခဲ့တယ်။
ကြိုသူ
ပြီး..စောင့်သူ
မျက်နှာစိမ်းများ
ဒေသအာလျ
နွေးထွေးတယ်။
မတူညီကြပေမယ့်
အသံဖွဖွ
အပြုံးဖွဖွ
အခန်းပွပွ
ကိုယ်လာရာလမ်းကိုပဲ
ပြန်ပြန်သတိရမိသလို
မွှေးပါရဲ့ ။
ဒီလိုနဲ့ 
အနာဂါတ်လောင်းလျှာလို့ 
ကိုယ့်ကိုကိုယ်ပြန်ဆွ
အဲ့ဒီအကြောင်းတွေကို
နိုင်ငံတကာရေးရာဆိုတဲ့
ဖုန်လုံးထဲ
အလူးလူးအလိမ့်လိမ့်
တစ်ချို့ မျက်လုံးထဲဝင်တယ်
တစ်ချို့ ရင်ဘက်ထဲဝင်တယ်
တစ်ချို့ အိမ်မက်ထဲဝင်တယ်
တစ်ချို့ လက်ဖျားလေးမှာပဲ
တစ်ချို့ ကြတော့လည်း အထွက်အ၀င်သိပ်မြန်ရဲ့ ။
ရေတံခွန်ဆိုလည်း သွားကြ
စမ်းချောင်းဆိုလည်း ကူးကြ
ဖောင်စီး ရေကူး
စားကြ သောက်ကြ(တိတ်တိတ်ပေါ့)
အဲ့လိုလည်းချစ်ခဲ့ကြတယ်။
သူ့ ဘ၀ ကိုယ့်ဘဝ
သူ့ ချဉ်ခြင်း ကိုယ့်ချဉ်ခြင်း
ဝန်းကျင်တူအောင် ညှိခဲ့ကြတယ်။
အဲ့လိုနဲ့ ပဲ
ငါတို့ လမ်း ငါတို့ ပြန်ကြတော့မယ်
ဖြစ်ခဲ့သမျှ
အတိတ်လို့ မသတ်မှတ်ကြေး
ငါတို့ နဲ့ မဝေးရာ
သူတို့ ကိုထားခွင့်ပေးကြ
ရင်ခွင်ရဲ့ သတ်မှတ်ရာ
ငါတို့ ရဲ့ သွေးသားနဲ့ အတူယူခွင့်ပြု
အဲ့လိုချစ်ကြမယ်။
(ချစ်စရာကောင်းသောသူငယ်ချင်းချစ်သူများသို့ အမှတ်တရ)
(မင်းငြိမ်)။

Friday, October 23, 2009

အထိအကြုံ

လွမ်းတယ်
ဒီအချိန် ဟိုတုန်းကရွာလေး အိပ်ပျော်နေရောပေါ့
ငါ့ချစ်သူများရှိရာ
ငါ့ ကိုယ်လုံတီးများကို ဖြစ်ထွန်းစေရာ
ရေကန်အသင့် ကြာအသင့် လွတ်လပ်မှု့ များ
နေညိုချိန် ထမ်းခဲ့ရသော အိမ်မက်များ
ငါနဲ့ ငါ့ကို တစ်သားတည်းဖြစ်စေခဲ့တာလည်း
ငါ့ရွာလေးပေါ့။
ကောက်သစ်လည်းပေါ်ခဲ့
မျောက်ဖြစ်အောင်လည်းအော်ခဲ့
ရွာဦးကျောင်းဆိုလည်း ရွာဦးကျောင်း
စာသင်ကျောင်းဆိုလည်း စာသင်ကျောင်း
အမေးအဖြေကြမ်းခဲ့ဖူးတယ်လို့ 
ဆရာတွေပြန်ပြောပြရာ
ဒီညှို့ ညှို့ မှိုင်းမှိုင်း ရွာလေးမှာပေါ့။
အလယ်လွန် နောက်ကျလည်း
ကောက်ရိုးမွေ့ ယာတွေက
ငါ့ကိုနွေးထွေးစေခဲ့။
အဘိုးနဲ့ အဘွား
သူတို့ နဲ့ လမ်းသလားခဲ့တာလည်း
လွမ်းတယ်။
ချောင်းရိုးတစ်လျှောက်
ရွာလုပ် ကနူးလှေနဲ့ 
တွေ့ ကရာငါးကို
လိုက်မျှားခဲ့ဖူးတယ်။
၇နှစ်သားအရွယ်ကတည်းက
အိမ်ပြေးခဲ့ဖူးလို့ 
ဝရမ်းပြေးဖိုးသိန်းလို့ 
တွင်ခဲ့တာလည်း
လွမ်းတယ်။
ကမ္ဘာကြီးပူနွေးလာတယ်လို့ 
ပညာရှင်တွေပြောကြတာကြားရတော့
ရွာကန်ကြီးအောက်က
ကုက္ကိုလ်တန်းလည်း
အရင်လို
အေးမြမြဖြစ်ပါအုံးမလား စိုးရိမ်တယ်။
ဘာသာတရားနဲ့ ရှင်သန်ခဲ့သလို
လောကပါလအားလည်း သွေးသားလိုလည်ပတ်ခဲ့ရာ
ငါ့ရွာလေး
ဒီအချိန်အိပ်ပျော်နေရောပေါ့
လွမ်းတယ်။
(မင်းငြိမ်)။

Saturday, October 3, 2009

အခြေခံ

မသိစိတ်နှစ်ခုကို
ပစ်တဲ့မြှားတစ်စင်းလိုတယ်ဆိုရင်
အဲ့ဒါ သေချာခြင်းပဲ
ငါ့ဘက်က ကမ္ဘာမြေအတိုင်းကျင့်ရင်
သူ့ ဘက်ကလည်း ပန်းသီးကြွေပြမှာပေါ့
တစ်ခုပဲ
ငါ့ဆွဲအားကို
ငါယုံကြည်ဖို့ (လုံးဝ)လိုတယ်။
လမ်းတစ်ခုရဲ့ အခြေခံက
လွယ်ကူချောမွေ့ စေဖို့ ဆိုပေမယ့်လည်း
ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးတယ်။
ဒီလိုဆိုရင်
ငါ့ရဲ့ ပြေရာပြေကြောင်းအတွက်ဆိုရင်ကော?
သိတယ်
ကျင့်ကြံရမယ့်လမ်း
ပန်းမဟုတ်ဘူးဆိုတာ
(မင်းငြိမ်)။

Tuesday, September 29, 2009

ခြေရာ

ဘယ်လိုပဲ တွေးတွေး
ဒီအဖြေပဲထွက်တယ်
ဝေးဝေးနီးနီး
ဒီအဖြေပဲထွက်တယ်
လမ်းသွားလမ်းလာများလည်း
ဒီအဖြေပဲထွက်တယ်
ရှေ့ ကလူတွေလည်း
ဒီအဖြေပဲထွက်တယ်
နှောင်းလူတွေလည်း
ဒီအဖြေပဲထွက်မယ်
သေချာခြင်းနဲ့  မသေချာခြင်းကြား
ဒီအဖြေပဲထွက်တယ်
သံလွင်ခက်နဲ့  နြူးကလီးယားကြား
ဒီအဖြေပဲထွက်တယ်
သူ့ နိုင်ငံ နဲ့ ကိုယ့်နိုင်ငံကြား
ဒီအဖြေပဲထွက်တယ်
နောက်ဆုံး
မင်းနဲ့ ငါ့ကြားလည်း
ဒီအဖြေပဲထွက်တယ်။
(မင်းငြိမ်)။

Thursday, September 24, 2009

အကြောင်းအရာများ

ဘာလိုလိုညာလိုလိုနဲ့ 
ဖြစ်ခဲပျက်ခဲ့တာ တော်တော်များပြီ။
၃၀ ဆိုတာနည်းတာမှတ်လို့ 
ဒါတောင်
လည်လည်ဝယ်ဝယ်လမ်းမလျှောက်တက်သေးတာ
ခက်တယ်။
နာကျင်လို့  ခံစားခဲ့ရတာလား
ခံစားလို့ နာကျင်ခဲ့ရတာလား
ဒီလိုလဲ ဟုတ်ပါ့မလား။
အနေအထားမရှိလို့ များလား
ဒါမှမဟုတ်
အလေ့ကျပင်ပေါက်တက်သော ခံစားမှု့ ကြောင့်လား
သူလိုကိုယ်လိုတွေးလို့ များလား
ပီပီပြင်ပြင်ကိုယ်ပိုင်ဆိုင်ခဲ့တာ
ဘာရှိလည်းလို့ 
ပြန်တွေးမိတော့
မရေရာတဲ့ မာနပဲရှိတော့တယ်။
(မင်းငြိမ်)။

Friday, September 18, 2009

ခံစားခြင်း

ဘေးနား
ဖြတ်သွားကြပြန်တယ်။
နုတ်ဆက်ကြ
လက်ဆွဲနုတ်ဆက်ကြ
အတောင်ပံပါသော ဟန်ဆောင်အပြုံးတွေ
ငါလိုလိုချင်ချင်ဖြစ်ခဲ့တာရော
ဟုတ်ရဲ့ လား။
မသေမချာတွေးကြည့်မိတော့
ထင်တဲ့အတိုင်းပဲ။
ဟိုးအရင်လိုကော
ပြန်ဖြစ်ပါတော့မလား။
အဲ့ဒါလည်းမရေမရာနဲ့ ဆိုတော့
သေချာတဲ့ အတိုင်းပဲ ဖြစ်ချင်တော့တယ်။
ရေရာစွာပဲလုပ်ချင်တော့တယ်။
ငါ့အတွေးတွေ
ခုတစ်လော ဖြစ်လိုက်ပျက်လိုက်နဲ့ 
ရယ်ရွင်ဖွယ်ရာများကို ပြန်ဆက်မိနေတာကော
ဖြစ်နိုင်ပါ့မလား။
ဟုတ်ပြီလေ
ဒီအတိုင်းဆိုရင်တော့
ယဲ့ယဲ့လေးပဲ
ရယ်နေတာပိုကောင်းတော့မယ်။
(မင်းငြိမ်)။

Monday, September 7, 2009

လူကြပ်တဲ့မြို့ 

မြို့ ဟောင်းလို့ 
လူတွေကဘယ်လိုပဲယဉ်ကျေးအောင်ဆိုဆို
တကယ်တော့
မြို့ အသေတွေပါပဲ။
တံတားအောက်မှာရေတွေစီးသွားကြပေမယ့်
ဆရာမြရေ........
ကျွန်တော်တို့ မှာတော့
မြို့ သေတွေတစ်မြို့ ပြီးတစ်မြို့ ။

အဲဒီမြို့ မှာ
အကိုင်းကိုအရိပ်ကပြန်မြိုတဲ့
မေတ္တာဓါတ်တွေရှိတယ်။
ဘုရားသခင်အသက်ကို
အလုအယက်ဝယ်နေကြတဲ့လူတွေရှိတယ်။
ဧည့်ခန်းမှာ
သားသတ်သူများလာတယ်။
အိနြေ္ဒတွေလည်း
ပိုပြီးမှောင်လာတယ်။
ပွဲမလန့် ခင်
ဖျာအရင်ခင်းထားတဲ့လူတွေကလည်း
တန်းစီနေတာပဲ။
ဒီလိုနဲ့ 
လူနဲ့ မြို့ သေ...ခွဲမရတော့ဘူး။
(မင်းငြိမ်)။

Friday, September 4, 2009

ရပ်နေသူ

ငါဘာဖြစ်နေလည်း
အဲ့လိုလည်းစဉ်းစားမိရဲ့ 
ဘာကို
ဘာဖြစ်တာလည်း
သေသေချာချာတွေးမိတော့
မသေမချာနဲ့ 
ကိုယ်ရောင်ကိုယ်ဝါကလည်း
မလည်မ၀ယ်နဲ့ ပါပဲ
ဖြစ်ချင်ရာဖြစ်စေတော့
အဲလို့ လည်းမဖြစ်သေးဘူး
ဆိုတော့ကာ
ဘာဖြစ်မလဲ
စောင့်ရမယ်
ပြီး.............စောင့်ရမယ်၊၊

(မင်းငြိမ်)၊၊

Thursday, September 3, 2009

ကျွန်တော်ပြောချင်တဲ့ကျွန်တော့အကြောင်း

ဘ၀မှာများများစားစားမလိုချင်ခဲ့လို့ 
များများစားစားမရခဲ့တာလို့  ကိုယ့်ကိုကိုယ်ကျေနပ်ပါတယ်.။
ယဉ်ကျေးသည်ဖြစ်စေ မယဉ်ကျေးသည်ဖြစ်စေ မယုတ်မာသူများကို ချစ်ခင်နှစ်သက်သူပါ။
အများသူငှာလိုပဲ လူလူသူသူဖြစ်ချင်သူပါ။
လူအေးမဟုတ်ပေမယ့် အေးအေးဆေးဆေးနေချင်သူ။
အဆိုတော်မဟုတ်ပေမယ့်လည်း သီချင်းကိုနှစ်ခြိုက်စွာဆိုချင်သူ။
အပျော်မဟုတ်သော ပျော်ပျော်နေတတ်သူ။
ဆိုတော့ချစ်သူခင်သူ ပေါများချင်သူဖြစ်လေတော့
အားလုံး မင်္ဂလာပါဗျာ။
(မင်းငြိမ်)။

ချစ်သူ

အိမ်ဆိုတာ
ခတ္တနားခိုရုံ
ခတ္တအိပ်စက်ရုံ
ခဏအကာအကွယ်ပေးရုံမဟုတ်လေ၊
နွေးထွေးမှု့ ပေးရာ
ခံစားမှု့ ကိုနွေးစေရာ
စိတ်ရဲ့ လိုအပ်ချက်များစွာကို တပ်မက်ရာ
ဆိုတော့လေ
မင်းဟာ ကိုယ့်ရဲ့ 
နွေးထွေးအိမ်ပါပဲ........ ချစ်သူ။
(မင်းငြိမ်)။

လွင့်မျောခြင်း

လူလူငါငါလိုပဲ
တွေးကြည့်တာပါပဲ
ဒါပေမယ့်မှားခဲ့တယ်။
ကိုယ့်အကြောင်းကိုယ်သောက်ရတာ
ကြာတော့လည်း.......မူးမူးမော်မော်နဲ့ ။
ဆန္ဒဆိုတာလည်း
လိုချင်သလိုလို
မလိုချင်သလိုလို
ခက်တယ်။
ဘာပဲဖြစ်ဖြစ်လေ
ကိုယ်လိုလို သူလိုလိုနဲ့ 
တစ်နှစ်တိုးလာပြန်ပေါ့......။
( မင်းငြိမ်)

နားဝင်ပီယံတေးသီချင်းများ